ကမ္ဘာပျက်ခဲ့ရင်…

စာမရေးတာ၊ ပို့စ်မတင်တာဖြင့် ကြာလှချည်ဆိုတော့ ကျုပ်တို့ ကိုရင်နော်ကြီးက လာတက်ဂ်ချေတယ်…။ ပေါက်တတ်နဲ့ ကရလေးတွေ တွေးပြီး ရေးပေးပါဦးတဲ့… အင်း… ရေးရတာပေါ့လေ။

မေးထားတဲ့ မေးခွန်းက… `တကယ်လို့ ကမ္ဘာပျက်တော့မယ်ဆိုတာ သိနေပြီ ဆိုရင်…´ ဆိုပြီး အစချီလိုက်တာ…။ မေးခွန်းပေါင်း (၁၁) ခု တိတိ ရှိလေသတဲ့…။ ကမ္ဘာတကယ် ပျက်မပျက်တော့ မသိဘူး… ခေါင်းကို ရေဖြန်း၊ အသေမန်းပြီး ဖြေလိုက်မယ် လာလေရော့…

(၁) ဘယ်သူတွေနဲ့ ရှိနေချင်လဲ..
အရှင်းဆုံး ပြောရရင် ဘယ်သူတွေနဲ့မှ ရှိမနေချင်ဘူး… လာတုန်းကလည်း တစ်ယောက်တည်းပဲလေ… အဲဒါ ဘာလို့လဲဆိုတော့ ဘာမှကို မခံစားရလို့ဗျာ… (အကြောင်းပြချက်။ မေးခွန်း ၂ မှာ ဖြေထားသည်)

(၂) ဘာတွေ ခံစားနေရမလဲ..
ရိုး ဟိုး ဟိုး… နေပြီလို့တောင် ပြောရမလားပဲ။ The Day after Tomorrow တို့ 2012, End of the World တို့ ကြည့်တာ များသွားလို့ နေမှာ။ ပြီးတော့ ဘာမှကို ပြင်ဆင်မထားတော့ ဘာမှကို ခံစားနေစရာလဲ မလိုဘူးလေ… မဟုတ်ရင် ကိုယ်ပြင်ဆင်ထားတာများ လွဲသွားမလားဆိုပြီး… တွေးပြီး ဝမ်းနည်းနေရဦးမှာ… (အကြောင်းပြချက်။ မေးခွန်း ၃၊ ၄ မှာ ဖြေထားပါသည်)

(၃) ဘာတွေ ပြင်ဆင်ထားမလဲ..
ကိုရင်နော် ပြောသလိုပဲ… ဒီအချိန်မှ လာပြင်ဆင်လည်း အိမ်သာတက်ခါနီးမှ အိမ်သာတွင်း တူးသလိုပဲ ဖြစ်တော့မှာ… ပြင်ဆင်တော့ဘူး… ဟိုသီချင်းထဲကလို ပျော်သလိုသာ နေလိုက်တော့မယ်။ ဝမ်းနည်းနေလည်း အပိုပဲလေ… (မေးခွန်း ၄ ကိုကြည့်ပါ)

(၄) ဝမ်းနည်းမိမှာက..
ဝမ်းမနည်းပါဘူးဗျာ… သေချာတယ်။ ဘာလို့လဲ ဆိုတော့ ဘာကိုမှ မကြောက်လန့်လို့ပဲ… (မေးခွန်း ၅ တွင် အကြောင်းပြချက် ကြည့်ပါ)

(၅) ကြောက်လန့်မိမှာက..
အားလုံးအတူတူ သေပါမယ်ဆိုမှတော့ ကျွန်တော် တစ်ယောက်တည်းက ကွက်ပြီး ကြောက်လန့်နေရမှာလား… ပြီးတော့ ဘာပစ္စည်းကိုမှ ဆောင်မထားတော့ ဘာအတွက်နဲ့မှ ကြောက်စရာ မလိုဘူးလေ… (မေးခွန်း ၆ ကို ကြည့်ပါ)

(၆) ဆောင်ထားချင်တာ..
ကိုယ့်စိတ်လေး ဘယ်မှ ထွက်ပြေးမသွားရင် ပြီးတာပါပဲလေ…။ ဘာပစ္စည်းမှ ဆောင်မနေတော့ဘူး… ရှိပူရသေး မဟုတ်လား။ နောက်ပြီးတော့ အဲဒီအချိန်မှာ ဘာမှကို စာဖွဲ့စရာ… ချရေးစရာ မလိုအပ်တော့ဘူး ဆိုတော့ ဘာမှလည်း ဆောင်ဖို့ မလိုဘူး ထင်တာပါပဲ။ (မေးခွန်း ၇ ကို ကြည့်ပါ)

(၇) ဘာတွေရေးမိမလဲ..
ဘာမှ မတွေးမိတော့ ဘာမှ မရေးတော့ဘူး… အဲဒီအချိန်ဆို အင်တာနက်လည်း ပြတ်နေလောက်ပြီ… ဘလော့ဂ်ပေါ် တင်လည်း ဘယ်သူမှ လာဖတ်မှာ မဟုတ်ဘူး ထင်တာပဲ။ နောက်မရေးရခြင်း အကြောင်းတစ်ခုက ဘာမှ တွေးမိတွေးရာ မတွေးမိလို့ပဲ (မေးခွန်း ၈ ကို ကြည့်ပါ)

(၈) တွေးမိတွေးရာ အတွေး..
ဘာမှကို တွေးမိမှာလည်း မဟုတ်ဘူး ဘာလို့လဲဆိုတော့ အဲဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ်လည်း ဘာမှ ဂုဏ်ယူစရာကို မရှိတော့တာ ကြောင့်ပါ။ (မေးခွန်း ၉ ကို ကြည့်ပါ)

(၉) ဂုဏ်ယူချင်တာက..
တကယ်ပါဗျ… သေမင်းနဲ့ ခြေတစ်လှမ်းစာပဲ လိုတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဘာများ ထပ်ပြီးတော့ အမွှမ်းတင်စရာ ဂုဏ်ပြုစရာ လိုသေးလို့လဲဗျ…။ ဘာကြောင့် အဲလိုတွေးမိလည်းဆိုတော့… အင်း… ကိုယ့်ကိုယ်ကိုယ် ရှာကြံ ဖြေသိမ့်မိလို့ပဲ ဆိုပါတော့ (မေးခွန်း ၁၀ ကို ကြည့်ပါ)

(၁၀) ရှာကြံဖြေသိမ့်မိတာက..
ကိုယ့်ကိုယ်ကိုယ် ရှာကြံဖြေသိမ့်မိတာက ငါ… ဥဒါန်းတစ်ခု ကျူးရင့်ထားတာပဲကွ… ဒါနဲ့တင် လုံလောက်နေပြီ… ဆိုတာကြောင့်ပါ။ (မေးခွန်း ၁၀ ကိုကြည့်ပါ)

(၁၁) ကျူးရင့်ချင်တဲ့ ဥဒါန်း..
ဟေ့… ဘယ်သူမှ ငါ့အနားမှာ မရှိဘူးကွ… (အကြောင်းပြချက် သိချင်သလား… မေးခွန်း ၁ ကို ဖတ်ကြည့်ပါ)

ကဲ… ကိုရင်နော်ရေ… ဖြေလိုက်ပြီနော်… ပတ်လည်မရိုက်တရိုက်ပဲ…။

ထုံးစံရှိသည့်အတိုင်း ထပ် Tag ရမှာကတော့ သူငယ်ချင်း အလွမ်းပြေ ပဲဖြစ်ပါတယ်။ အလွမ်းပြေရေ… ကျန်တဲ့လူတွေကို Tag ရမှာ ပျင်းလို့… ခင်ဗျားပဲ သိတဲ့လူတွေ ဆက် Tag လိုက်ပါနော်။

ခင်မင်သော မေတ္တာဖြင့်
ဟန်သစ်ငြိမ်