ကျွန်တော်ဟာ ခွက်တစ်လုံးပါ။ ပကတိရိုးရှင်းတဲ့ ခွက်ကလေးတစ်ခွက်မျှပါပဲ။ ကျွန်တော့်မှာ ညီအစ်ကိုတွေ ရှိတယ်၊ အပေါင်းအသင်းသူငယ်ချင်းတွေရှိတယ်။ ကျွန်တော်တို့ကို မွေးထုတ်လိုက်တာကတော့ စက်ရုံတစ်ရုံပါ။ ပုံစံအမျိုးမျိုး အရောင်အသွေး အမျိုးမျိုးနဲ့ စားပွဲတွေပေါ်ကို လှပသေသပ်စွာ ထုတ်ပိုးခံရပြီးတဲ့နောက်မှာ ကျွန်တော်တို့ဟာ ခရီးစဉ်ပေါင်းများစွာ၊ နိုင်ငံပေါင်းများစွာကို ဖြတ်သန်းလို့ ဗလာဟင်းတဲ့ရင်ခွင်နဲ့ ကျွန်တော်တို့ကို အလိုရှိတဲ့သူတွေထံကို နည်းလမ်းအသွယ်သွယ်နဲ့ ရောက်ရှိသွားခဲ့ပါတယ်။

ကျွန်တော့်ကို ဘာကြောင့် ‘ခွက်’ လို့ခေါ်လဲ ကျွန်တော်မသိပါ။ တစ်ခါတုန်းက စကားပြောသင်ခါစ လူကလေးတစ်ယောက်ဟာ သူ့အစ်ကိုကိုမေးဖူးတယ်။ “ကိုကို… ဒီဥစ္စာကို ဘာဖြစ်လို့ ခွက်လို့ခေါ်ရတာလဲ” တဲ့။ သူ့ထက်နှစ်အနည်းငယ်ပဲကြီးတဲ့ အစ်ကိုဆိုသူက သူ့ညီနားလည်အောင် အဓိပ္ပာယ်ကို မရမကရှင်းပြတယ်။ “အဲဒါကြီးက မဖောင်းပဲနဲ့ ခွက်နေလို့ပေါ့…” တဲ့။ သူတို့ပြောမှ ကျွန်တော့်ကိုကျွန်တော် သတိထားမိသွားတယ်။ ဟုတ်သားပဲ၊ ကျွန်တော်ကအဲဒီလို ကိုးရိုးကားယားပုံစံနဲ့ပဲဆိုတာ။ ဒါကြောင့်တစ်ခုတော့ တောင်းပန်ချင်တယ်… အဲလို နောက်ကြောင်းမရှင်းတဲ့ ကျွန်တော့်ကို ကြိုးစားနားလည်ပေးတဲ့သူတွေကို ကျွန်တော်ကျေးဇူးတင်ပါတယ်ဆိုတာပါ။

ဟုတ်ကဲ့၊ ကျွန်တော်ဟာ ခွက်ကလေးတစ်ခွက်ပါပဲ။ ဒါပေမယ့် ခင်ဗျားတို့လူတွေက ကျွန်တော့်တို့ကို ပုံစံအမျိုးမျိုး၊ ပုံသဏ္ဍာန်အမျိုးမျိုး ဖန်တီးသုံးစွဲတယ်။ လက်ကိုင်တပ်ပေးတယ် ပြီးတော့ နာမည်ပေးလိုက်ကြတယ် လက်ကိုင်ခွက်တဲ့။ အဖုံးလေးတပ်တယ်၊ အဖုံးပါတဲ့ခွက် တဲ့။ တစ်ခါတစ်ခါ ပုံမှန်အရွယ်အစားထက်ကြီးအောင် လုပ်လိုက်တယ်၊ အဲဒီအခါ မတ်ခွက်တဲ့။ ဘယ်လိုပဲပြောပြော ခွက်တစ်ခွက်ဟာ ခွက်တစ်ခွက်ပါပဲ။

ထပ်ပြီးတော့လူတွေဟာ သဘာဝကရနိုင်သမျှ ပစ္စည်းအမျိုးမျိုးကိုအသုံးပြုတယ်၊ သဘာဝကိုအမှီပြုပြီး ကျွန်တော်တို့ကို ပုံဖော်ကြတယ်။ ပလတ်စတစ်နဲ့လုပ်တယ်၊ ကြွေနဲ့လုပ်တယ်၊ ဖန်နဲ့လုပ်တယ်၊ ယွန်းနဲ့လုပ်တယ်၊ သစ်သားနဲ့လုပ်တယ်၊ စတီးနဲ့လုပ်တယ်၊ တခြားသတ္တု တစ်မျိုးမျိုးနဲ့လုပ်တယ်၊ ပြီးတော့နာမည်အမျိုးမျိုးပေးကြတယ်။ ကော်ခွက်၊ ပလတ်စတစ်ခွက်၊ ဖန်ခွက်၊ ကြွေခွက်၊ သစ်သားခွက်၊ ယွန်းခွက် တဲ့။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကျေနပ်ပါတယ်။ ဘယ်အခြေအနေပဲရောက်ရောက် ကျွန်တော်တို့ကို ခွက်လို့ ပြောဆိုသုံးစွဲနေကြသ၍ ကျွန်တော်ကျေနပ်ပါတယ်။

အဲလိုမျိုးနဲ့မှ အားမရသေးတဲ့လူတွေဟာ ကျွန်တော်တို့ကို အဝတ်အစားတွေ၊ အဆင်တန်ဆာတွေ၊ အလှအပတွေ ခြယ်သကြတယ်။ မျက်နှာပြင် ပတ်ပတ်လည်မှာ ခွေးတွေ၊ ကြောင်တွေ၊ ငါးတွေကစလို့ တိမ်တွေ၊ တောင်တွေ၊ မြစ်ချောင်းတွေ၊ သစ်ပင်တွေ၊ ပန်းပွင့်တွေ၊ ကားတွေ၊ လေယာဉ်ပျံတွေ၊ နတ်သားတွေ၊ သရဲရုပ်တွေအထိ အစုံပါပဲ။ အဲလိုခြယ်သဖန်တီးတဲ့အခါ… တစ်ခါတလေ အရောင်တောက်တောက်တွေသုံးတယ်၊ တစ်ခါတလေကျ မပီဝိုးတဝါး ခပ်မှိန်မှိန်လေး၊ တစ်ခါတလေ ဖောင်းကြွစာတွေ ပုံတွေ၊ တစ်ခါတစ်လေကျ အသားထဲမှာ ထွင်းပြီးပုံဖော်ပြန်တယ်။ ဒါဘာကြောင့်လဲဆိုတော့ လူတွေဟာ အလှအပကိုသိပ်နှစ်သက်ကြလို့ပါပဲ။ ဒါပေမယ့် ခွက်တစ်လုံးရဲ့ အဓိကတာဝန်က လူတွေကို အရုပ်နဲ့ အလှအပနဲ့ ဖြေဖျော်ဖို့ မဟုတ်ဘူးဆိုတာတော့ သိစေချင်တယ်ဗျာ။ ထားဗျာ။ အဲသလို ခင်ဗျားတို့လူတွေ စိတ်ကြိုက်ဖန်တီးပြီးတဲ့အခါမှာ ကျွန်တော်ဟာ ရောင်းတန်းဝင်တဲ့အဆင့်၊ ရောင်တန်းဝင်ခွက်တစ်လုံးတော့ ဖြစ်သွားပြီ။ စတိုးဆိုင်ကြီးတွေ၊ စူပါမားကက်တွေကအစ၊ ကုန်စုံဆိုင်တွေ၊ လမ်းဘေးဈေးသည်တွေအထိ နေရာပေါင်းစုံမှာ အရောင်အသွေးပေါင်းစုံနဲ့ ကျွန်တော်တို့ညီအစ်ကိုတွေ ရောက်ရှိသွားတာပေါ့။

ဒီနေရာမှာ ခင်ဗျားတို့ သတိမပြုမိတာ တစ်ခုပြောချင်တယ်။ အဲဒီကိစ္စကို ကျွန်တော်မကျေမနပ်နဲ့ တမြုံ့မြုံ့တွေးနေတာ ကြာပါပြီ။ တကယ်ပါဗျာ၊ ကျွန်တော်တို့ကို ခင်ဗျားတို့တတွေက အပြင်မျက်နှာပြင်ပဲ ခြယ်သပြီး အတွင်းဘက်ကျတော့ အလှမဆင်ကြဘူး။ ဒါကျွန်တော့်ရဲ့အတွေးပါ။ ခွက်တစ်ခွက်ရဲ့ အတွင်းဘက်ဟာ အပြင်ဘက်ထက်ပိုပြီး အသုံးပြုခြင်းပိုခံရသလားလို့။ ပြီးတော့ အတွင်းအပြင်နှစ်ဘက်လှဆိုရင် ဘယ်လောက်များ ဆန်းသစ်သွားမလဲ၊ ဘယ်လောက်များ လိုက်ဖက်သွားမလဲ။ ခင်ဗျားတို့လူတွေပဲ ပြောပြောနေကြတာ၊ ပေါ်ယံအလှ၊ အပြင်ပန်းအလှဟာ အနှစ်သာရမဲ့တယ်ဆို။ ဒါကြောင့်ပဲလားတော့မသိဘူး။ ခင်ဗျားတို့လူတွေဟာ တစ်ခါတစ်လေကျတော့လည်း ဘာပုံစံ၊ ဘာဒီဇိုင်းမှမပါတဲ့ အရောင်အသွေးမဲ့၊ အပြင်အဆင်မဲ့ ခွက်တစ်လုံးကိုလိုချင်ကြပြန်တယ်၊ အသုံးပြုကြပြန်တယ်။ ဟုတ်တယ်။ ရိုးစင်းမှုမှာလည်း အလှတရားရှိသားပဲ။

ဒီလိုတွေနဲ့ နောက်ဆုံးတော့လည်း ကိုးရိုးကားယား သက်မဲ့အရာလေးတစ်ခုဟာ သက်ရှိတွေ စိတ်ကူးပုံဖော်လိုက်တဲ့ အသုံးချခံအဖြစ် ငြင်းပယ်ရခက်စွာ တာဝန်ထမ်းဆောင်ဖို့ ရောက်ရှိလာခဲ့တာပေါ့။ အဲ… ခင်ဗျားတို့ကို ပြောစရာတစ်ခုကျန်သေးတယ်။ ဆရာလုပ်တယ်လို့တော့ မထင်နဲ့ဗျာ။ ခင်ဗျားတို့ ခွက်တစ်လုံးသွားဝယ်တယ်ဆိုရင် အရင်ဆုံးရွေးမှာက ပုံသဏ္ဍာန်၊ ပြီးတော့ အရောင်၊ နောက်မျက်နှာပြင်မှာ ခြယ်သထားတဲ့အရုပ်၊ အဲသလို အဆင့်ဆင့်ရွေးကြတယ်။ တကယ်ဆို ကျွန်တော် ဆောင်ရွက်နိုင်တဲ့တာဝန်က ထည့်ယူနိုင်တယ်၊ သယ်ဆောင်နိုင်တယ် ဆိုတာလေးပဲ။ အဲဒါကို ခင်ဗျားတို့က မေ့နေကြတယ်။ တကယ်ဆို အဲဒီအတွက်ပဲ ခင်ဗျားတို့က ကျွန်တော့်ကို လာရှာတာပါပဲ။ ဒါပေမယ့် အဓိကကို မေ့သွားတယ်။ ခင်ဗျားတို့ ခွက်အရောင်းဆိုင်ကိုလာတာ… ဆေးထည့်ဖို့ခွက်၊ အအေးသောက်ဖို့ခွက်၊ စာရေးကိရိယာထည့်ဖို့ခွက် စသဖြင့်ရှာဖို့လာတာ မဟုတ်ဘူးလား။ ဒါပေမယ့် ဆိုင်ပေါ်ရောက်တဲ့အခါ ခင်ဗျားတို့ သတိမရတော့ဘူး။ အလှအပကို ဦးစားပေးစဉ်းစားတယ်။ ကျွန်တော်ပြောတာ လွန်မယ်မထင်ဘူးဗျာ။
အမှန်က ရေဘယ်လောက်ထည့်နိုင်တယ်၊ ရေဘယ်နှစ်လီတာ၊ ဘယ်နှစ်စီစီ ဝင်ဆန့်တယ်၊ ဖောင်တိန်တွေ၊ စုတ်တံတွေထည့်ရရင် ဘယ်နှစ်ချောင်းဆန့်တယ် ဒါတွေကို ကြည့်ရွေးရမှာ။ ဟုတ်တယ်။ ခင်ဗျားတို့မေ့လျော့နေကြတယ်။ ခွက်ပတ်ပတ်လည်မှာ အရုပ်တွေစာတွေ ပြွတ်ခဲမွန်းကျပ်နေအောင် ရိုက်ထားပေမယ့် ရေဘယ်နှစ်လီတာဆန့်တယ်ဆိုတဲ့ စာတိုလေး တစ်ကြောင်းတောင် မပါဘူး။ ရိုက်ဖို့မေ့နေကြတယ်။ တကယ်က ခွက်ဆိုတာ ခြင်တွယ်တိုင်းတာလို့လည်းရနိုင်တယ်ဆိုတာ မေ့နေကြတယ်။

ကျန်းမာရေးဋ္ဌာနက ‘အသက်ရှည်နုပျိုလိုသူတိုင်း တစ်နေ့ကို ရေဘယ်နှစ်လီတာခန့်သောက်ပါ’ ဆိုတဲ့အချိန် ဒါမှမဟုတ် ဆရာဝန်က ‘ဒီဆေးကို ရေဘယ်နှစ်စီစီခန့်ဖြင့် ဖျော်သောက်ပါ’ ဆိုတဲ့ အချိန်မျိုးတွေမှာတော့ ခင်ဗျားတို့ မေ့လျော့နေတာလေး အာရုံမှာ ပေါ်လာတန်ကောင်းပါရဲ့။ အင်း… အဲဒါတွေကလည်း အမြဲတမ်းလုပ်နေကျမဟုတ်တော့ ပြောရကခက်သား…။ အင်း… ကျွန်တော် ပြောစရာကတော့ ကုန်ပြီဗျာ။ လောလောဆယ် ကျွန်တော့်ထံကိုလာမယ့် ရိုးရိုးစင်းစင်းခွက်လေးတစ်လုံးကို အလိုရှိတဲ့သူ၊ ချစ်မြတ်နိုးတဲ့သူတွေအလာကို စတိုးဆိုင်ရဲ့ ထောင့်လေးတစ်ခုမှာ ရင်ခုန်စွာစောင့်စားအုန်းမယ်ဗျာ။

မေတ္တာဖြင့်
ဟန်သစ်ငြိမ်