ကမ္ဘာပျက်ခဲ့ရင်…

November 3rd, 2009 |

ကမ္ဘာပျက်ခဲ့ရင်…

စာမရေးတာ၊ ပို့စ်မတင်တာဖြင့် ကြာလှချည်ဆိုတော့ ကျုပ်တို့ ကိုရင်နော်ကြီးက လာတက်ဂ်ချေတယ်…။ ပေါက်တတ်နဲ့ ကရလေးတွေ တွေးပြီး ရေးပေးပါဦးတဲ့… အင်း… ရေးရတာပေါ့လေ။

မေးထားတဲ့ မေးခွန်းက… `တကယ်လို့ ကမ္ဘာပျက်တော့မယ်ဆိုတာ သိနေပြီ ဆိုရင်…´ ဆိုပြီး အစချီလိုက်တာ…။ မေးခွန်းပေါင်း (၁၁) ခု တိတိ ရှိလေသတဲ့…။ ကမ္ဘာတကယ် ပျက်မပျက်တော့ မသိဘူး… ခေါင်းကို ရေဖြန်း၊ အသေမန်းပြီး ဖြေလိုက်မယ် လာလေရော့…

(၁) ဘယ်သူတွေနဲ့ ရှိနေချင်လဲ..
အရှင်းဆုံး ပြောရရင် ဘယ်သူတွေနဲ့မှ ရှိမနေချင်ဘူး… လာတုန်းကလည်း တစ်ယောက်တည်းပဲလေ… အဲဒါ ဘာလို့လဲဆိုတော့ ဘာမှကို မခံစားရလို့ဗျာ… (အကြောင်းပြချက်။ မေးခွန်း ၂ မှာ ဖြေထားသည်)

(၂) ဘာတွေ ခံစားနေရမလဲ..
ရိုး ဟိုး ဟိုး… နေပြီလို့တောင် ပြောရမလားပဲ။ The Day after Tomorrow တို့ 2012, End of the World တို့ ကြည့်တာ များသွားလို့ နေမှာ။ ပြီးတော့ ဘာမှကို ပြင်ဆင်မထားတော့ ဘာမှကို ခံစားနေစရာလဲ မလိုဘူးလေ… မဟုတ်ရင် ကိုယ်ပြင်ဆင်ထားတာများ လွဲသွားမလားဆိုပြီး… တွေးပြီး ဝမ်းနည်းနေရဦးမှာ… (အကြောင်းပြချက်။ မေးခွန်း ၃၊ ၄ မှာ ဖြေထားပါသည်)

Read More »

အထွေထွေ ဗဟုသုတဘာသာ

August 11th, 2009 |

အထွေထွေ ဗဟုသုတဘာသာ

၁) အောက်ပါတို့ကို သိရှိသလောက် ဖြေဆိုပါ။

အမေး။ နိုင်ငံတော် သီချင်းကို မည်သူရေးစပ်ခဲ့သနည်း။
အဖြေ။ သီချင်းရေးဆရာ ဖြစ်ပါသည်။

အမေး။ Shakespeare ဆိုသည်မှာ မည်သူနည်း။
အဖြေ။ တုန်ခါနေသော လှံ ဟု အဓိပ္ပာယ်ရပါသည်။

အမေး။ အာဇာနည်ဆိုသည်မှာ အဘယ်သူနည်း။
အဖြေ။ `ယဉ်ယဉ်လေးရူး´ သီချင်းကို သီဆိုသော အဆိုတော်ဖြစ်သည်။

အမေး။ မဟာ ဗန္ဓုလသည် မည်သည့်စစ်ပွဲတွင် ကျဆုံးခဲ့သနည်း။
အဖြေ။ သူ၏ နောက်ဆုံးစစ်ပွဲတွင် ဖြစ်သည်။

အမေး။ မင်းတုန်းမင်း၏ ငယ်နာမည်ကို သိပါသလား။
အဖြေ။ လုံးဝမသိကြောင်း ဝန်ခံပါသည်။

==============================

Read More »

တစ်ရံတစ်ခါက တစ်စုံတစ်ရာဆီသို့…

August 2nd, 2009 |

တစ်စုံတစ်ယောက်သော ချစ်သူရယ်… တစ်ရံတစ်ခါက ဖြတ်သန်းဖူးခဲ့တဲ့ အဖြစ်အပျက်တွေဟာ… တစ်စုံတစ်ရာ အနေနဲ့ ရင်ထဲမှာ တစ်စုံတစ်ခု ဖြစ်ကျန်နေခဲ့ပါပြီ… အရင်ကဆို တစ်နေကုန်တစ်နေခန်း တစ်ဖက်တစ်ချက်မှာ တစ်ယောက်တစ်လဲစီ ရှိကြတဲ့နေ့ရက်တွေ… တစ်ကျိတ်တည်း တစ်ဉာဏ်တည်း၊ တစ်စိတ်တည်း တစ်ဝမ်းတည်းနဲ့ တစ်ယောက်တစ်ပြန် ဖြေရှင်းခဲ့ကြတဲ့ တစ်မြုံတစ်မသော အခက်အခဲတွေ… ခုတော့ ခုအချိန်မှာတော့ အဲဒါတွေ အားလုံး အားလုံးဟာ လောကရဲ့ တစ်ထောင့်တစ်နေရာမှာ တစ်ဝက်တစ်ပျက် တစ်ပိုင်းတစ်စနဲ့ ကျန်ခဲ့ပါပြီလေ။

တကယ်ပါ ချစ်သူရယ်… အဲဒီလို တစ်သိုက်တစ်ဝန်း၊ တစ်တပ်တစ်အား ဖြစ်တည်ခဲ့ကြတဲ့ နေ့ရက်တွေဟာ ခုတော့ တစ်အိတစ်အိနဲ့ ချိနဲ့လို့ တစ်စတစ်စနဲ့ ယိုယွင်းလို့… တစ်အောင့်တစ်နားနဲ့ ရပ်တန့်လို့…။ ပြီးတော့ တို့ရဲ့ တစ်ယောက်တစ်ပေါက်စီ ထားရှိခဲ့ကြတဲ့ မာနတွေဟာ တို့တွေကို တစ်ယောက်တစ်လမ်းစီ ပို့လိုက်တဲ့အခါ… အင်း… တစ်မျိုးတစ်ဖုံ ရင်ထဲမှာ ဖြစ်ကျန်ခဲ့ရတာပါပဲ။ တစ်ခါတခါ တွေးမိတယ်… ရင်ထဲမှာအဲလို… တစ်လစ်တစ်လစ်၊ တစ်ဆို့တစ်ဆို့ကြီး ဖြစ်နေတာဟာ… တစ်ရူးတစ်မူး ချစ်ခဲ့မိလို့လား၊ တမေ့တမော မြတ်နိုးခဲ့မိလို့လား။

Read More »

သိက္ခာတမ်းချင်း

July 23rd, 2009 |

‘သိက္ခာတမ်းချင်း’

အင်း…
သိက္ခာတရားတဲ့၊
တောင်းဆိုနေရတာလား
တိုက်ယူနေရတာလား
ကြွေးကြော်နေရတာလား
ဖန်တီးယူနေရတာလား။

ဒီမှာ…
မျှော်လင့်နေတယ်၊
ကောင်းကင်ပေါ်က ကျလာမှာလား
ပင်လယ်ပြင်ကထွက်ပေါ်လာမှာလား
သစ်ပင်တွေက သီးပွင့်လာမှာလား
ပတ်ကြားအက်ထဲက ထွက်ပေါ်လာမှာလား။

ဒီမှာ…
လိုအပ်နေတယ်၊
နည်းနည်းလောက်ဖြစ်ဖြစ်
ရှိခဲ့ရင် မျှပါ
ဝယ်လို့ရမယ်ဆိုရင်
ရောင်းခဲ့ပါ။

ကျုပ်…
အလိုရှိနေလို့ပါ
တကယ်ပါ…
အဲဒီ သိက္ခာတရားပါ။

မေတ္တာဖြင့်
ဟန်သစ်ငြိမ်

၂၀ ဇူလိုင် ၁၉၄၇ ဒိုင်ယာရီ (မင်းသုဝဏ်)

July 19th, 2009 |

၂၀ ဇူလိုင် ၁၉၄၇ ဒိုင်ယာရီ (မင်းသုဝဏ်)

၂၀-၇-၄၇ (တနင်္ဂနွေ)
မနေ့နံနက်က ဗိုလ်ချုပ်တို့ အနိစ္စရောက်ရှာပြီ။ တနင်္လာနေ့ (၁၄. ၇. ၄၇) ကပင် သူတို့ကို တွေ့ခဲ့ရသေးသည်။

တနင်္လာနေ့ ညနေပိုင်း စာသင်တန်းမရှိ၍ ကျွန်ုပ်အိပ်ယာပေါ်တွင် စာဖတ်ရင်း တမှေးအိပ်ပျော်သွားသည်။ ထိုအခိုက် ဆရာခင်ဇော်လာ၍ ခေါက်ဆွဲမောင်မောင်ထံတွင် ဂျပန်လက်ထက်က ပျောက်သွားသော စာရွက်စာတန်းများ ရှိသည်ကြား၍ သွားမေးကြရအောင်ဟု ပြောသဖြင့် လိုက်သွားသည်။ ထင်ဖတ်အိမ်တွင် ငါးလက်ခွာငါးခြောက်နှင့် လက်ဘက်ရည်ကြမ်းမော့ပြီး ဆရာခင်ဇော်၊ မောင်ထင်၊ ကျွန်ုပ်ပါ သုံးဦးသား အတွင်းဝန်များရုံးသို့ သွားကြသည်။ ကားကို ဆိုက်ပြီး လွှတ်တော်ရှေ့ကို ဖြတ်သွားသောအခါ ဝရံတာတွင် ဆရာဦးဘချိုနှင့် ဗိုလ်ချုပ်တို့ စကားပြောနေကြသည်ကို မြင်၍ ကျွန်ုပ်တို့ သုံးဦးသား ကပ်သွားကာ စကားဝိုင်းဖွဲ့ကြသည်။

Read More »

ချစ်ခြင်းအနုပညာ

July 13th, 2009 |

`ချစ်ခြင်းအနုပညာ´

ကျွန်တော်
သူမကို ချစ်ပါသည် ဟု ပြောသောအခါ…

သူမက
ကျွန်တော် မချစ်တတ်ပါ ဟု ပြောပါသည်။

ဖြစ်ကောင်းဖြစ်နိုင်ပါသည်
ကျွန်တော် မချစ်တတ်ပါ။

ကျွန်တော့်တွင် ချစ်ခြင်းတရား မရှိတာ ဖြစ်နိုင်သလို
ချစ်ခြင်းအနုပညာ မရှိတာလည်း ဖြစ်နိုင်သည်။

ကျွန်တော် မချစ်တတ်ပါ
အချစ်ငတ်သူသာ ဖြစ်ပါသည်။

ချစ်ခြင်းနှင့် အနုပညာကို
ကျွန်တော်မမြတ်နိုးတတ်ပါ။

ကျွန်တော့်တွင် သူမကိုချစ်သည်ဆိုသော
မြတ်နိုးစိတ် တစ်ခုသာရှိပါသည်။

ထိုအရာသည်
အနုပညာ ဆန်ချင်မှဆန်ပါလိမ့်မည်။

မေတ္တာဖြင့်
ဟန်သစ်ငြိမ်

ဉာဏ်ရည်မြင့်သူများနှင့် အဖြေပြဿနာ

July 4th, 2009 |

အဖြေရဲ့ ပြဿနာ

ခင်ဗျား ဟန်ဆောင်နေတာပဲ။
ဟင့်အင်း
သူလည်း ဟန်ဆောင်နေတာပဲ။
ဟင့်အင်း
ဟာဗျာ… တစ်ခုခုတော့လွဲနေပြီ။
ဘာဖြစ်လို့…
ကျုပ်ဖြင့် လိုက်မမှီတော့ပါဘူးဗျာ။
ဘာဖြစ်လို့…
ခင်ဗျား အသိဆုံးဖြစ်မှာပါ။
ဟင့်အင်း
ဟုတ်တယ်၊ ခင်ဗျားတို့ ဟန်ဆောင်နေတာ။

ပြဿနာရဲ့အဖြေ

ဟုတ်တယ်၊ ခင်ဗျားတို့ ဟန်ဆောင်နေတာ။
ဟင့်အင်း
ခင်ဗျား အသိဆုံးဖြစ်မှာပါ။
ဘာဖြစ်လို့…
ကျုပ်ဖြင့် လိုက်မမှီတော့ပါဘူးဗျာ။
ဘာဖြစ်လို့…
ဟာဗျာ… တစ်ခုခုတော့လွဲနေပြီ
ဟင့်အင်း
သူလည်း ဟန်ဆောင်နေတာပဲ။
ဟင့်အင်း
ခင်ဗျား ဟန်ဆောင်နေတာပဲ။

မေတ္တာဖြင့်
ဟန်သစ်ငြိမ်

သိုးဟောင်းတစ်ကောင်၏ ဖြောင့်ချက်

July 1st, 2009 |

`သိုးဟောင်းတစ်ကောင်၏ ဖြောင့်ချက်´

ချစ်ခြင်းကို လိမ်လည်ပြီး
အဓိပ္ပါယ် ဖွင့်ဆိုသူတွေထဲ
ငါမပါဘူး ကောင်မလေးရေ…။

ခံစားချက်ကို ထင်သလို ဖော်ပြနေသူတွေကိုမှ
မင်း… အထင်ကြီးရင်
ငါ့ရဲ့ သံယောဇဉ်တွေကို မီးရှို့ပစ်လိုက်မယ်။

ယောကျာ်းကောင်းတစ်ယောက်လို့
မသတ်မှတ်ချင်နေပါ
ဒဏ်ရာရဖူးသူချင်းအတူတူ
ထပ်ပြီး မနှိပ်စက်ပါနဲ့လားကွာ။

တကယ်ဆို ငါ့ဘဝမှာ
ချစ်တယ်
မြတ်နိုးတယ်
ဂရုစိုက်ချင်တယ် ဆိုတာပဲ
ရှိ… နေ… တာ… ပါ။

မေတ္တာဖြင့်
ဟန်သစ်ငြိမ်

အသံမရှိတဲ့ စကားလုံးများ

June 26th, 2009 |

`အသံမရှိတဲ့ စကားလုံးများ´

ဝေးကွာခြင်းရဲ့ တန်ဖိုးကို
နီးစပ်ဖူးသူဆိုရင်
တန်ဖိုးထားတတ်ရမယ်။

လှမ်းခဲ့တဲ့ ခြေလှမ်းတွေနောက်မှာ
ကျန်ခဲ့တဲ့ခြေရာတွေက
မေ့ပစ်ဖို့မှမဟုတ်တာ။

ကွဲပြားတဲ့ အမြင်တွေ ရှိကြပေမယ့်
ခွဲခြားမှုတွေကိုတော့
လူတိုင်းခံပြင်းမိမှာပါပဲ။

ထား… လိုက်… ပါ… လေ…

ကျောခိုင်းဖို့ လိုအပ်လာမှတော့
ငြီးတွားခြင်းလောက်ကို
စာဖွဲ့ဖို့ မလိုအပ်တော့ပါဘူး။

မငြိ်မ်းချမ်းခြင်းဆိုတာ
တစ်သက်လုံး ပိုက်ထားရမယ့်
ဘဝအဖော်မဟုတ်ဘူးလို့သာ
ခံယူလိုက်ပါတော့မယ်။

မေတ္တာဖြင့်
ဟန်သစ်ငြိမ်

အနုပညာအမေး အနုပညာအဖြေ (၁)

June 25th, 2009 |

ကျွန်တော်ပို့စ်အသစ်မတင်တာလည်း ကြာပါပြီ။ တလောက ဘလော့ဂါ သူငယ်ချင်း အံ့ဘုန်းမြတ်နဲ့ Online မှာဆုံတော့ ကျွန်တော် လောကအလှ မဂ္ဂဇင်းကို ပို့ထားတဲ့ ‘အနုပညာအကြောင်း အနုပညာ’ ဆောင်းပါးကို စကားစပ်လို့ ပြောမိပါတယ်။ အဲဒီညမှာပဲ သူက… စာချရေးချင်စိတ်ပေါ်လာတာနဲ့ပဲ ရေးလိုက်တယ်ဆိုပြီး အဲဒီဆောင်းပါးထဲက ကျွန်တော့်မေးခွန်းတွေကို စိတ်ပါလက်ပါ ဖြေဆိုပြီး မေးလ်နဲ့ ပို့လာပါတယ်။ ဒါနဲ့ပဲ သူ့အဖြေလေးတွေကို အားလုံးခံစားရအောင် ပြန်လည် ဝေမျှပေးလိုက်ပါတယ်။ (ပို့စ်အသစ် မတင်နိုင်လို့ ဆားချက်တယ်ပဲ ဆိုပါတော့) သူ့ဘလော့ဂ်မှာလည်း `အမေးရှိလို့ ဖြေကြည့်မိတဲ့ အဖြေများ (၁)´ ဆိုပြီး တင်ထားပါတယ်။ ဒီနေရာမှာ တစ်ခုဖြတ်ပြောချင်တာက မပန်ဒိုရာက Stupid Questions ဆိုတဲ့ ပို့စ်တစ်ခုရဲ့ အဆုံးသတ်မှာ ပြောထားသလိုပါပဲ… `ကျွန်တော်ဟာလည်း ဆြာဂျီးမဟုတ်ပါ။ သိချင်စိတ်သက်သက် အရင်းခံပြီး ဒီမေးခွန်းတွေကို အစပျိုးခြင်းသာဖြစ်ပါတယ်´ ဆိုတာကိုပါ။ ပြီးတော့ ဒီမေးခွန်းလေးတွေ ဖြစ်တည်လာဖို့ ဘလော့ဂ်ပို့စ်တွေကနေ စိတ်အစာတွေ ပေးတဲ့ဘလော့ဂါတွေ ဖြစ်တဲ့… မပန်ဒိုရာ၊ အံ့ဘုန်းမြတ်၊ တောကျောင်းဆရာ၊ လမ်းအိုလေး တို့ကိုလည်း ဒီနေရာကနေ ကျေးဇူးတင်စကား ပြောပါရစေ။

မေတ္တာဖြင့်
ဟန်သစ်ငြိမ်

+++++++++++++

Read More »

ညခင်းနှင့် လမင်း

June 13th, 2009 |

`ညခင်းနှင့် လမင်း´

ညခင်းတွင် လမင်းသာသောအခါ ကျွန်တော့်ထံတွင် သူမ ရှိလေသည်
ထိုသို့သောအခါ…
ကောင်းကင်သည် ကြည်လင်၍ ဖန်တီးမှုတို့ အသက်ဝင်၏
ဂီတသံတို့ ချိုမြိန်၍ အိပ်မက်တို့သာယာ၏
ပန်းပွင့်ငယ်တို့ ကခုန်၍ နှလုံးအိမ်သည် လှုပ်ခတ်၏
လေပြေတို့ နူးညံ့၍ သိစိတ်တို့ ငြိမ်းချမ်း၏

ကျွန်တော့်ထံတွင် သူမ ရှိသောအခါ ညခင်းတွင် လမင်းသာလေသည်
ထိုသို့သောအခါ…
ကမ္ဘာမြေပြင်သည် လင်းစို၍ ခံစားချက်တို့တောက်ပ၏
ပင်လယ်တို့ လှိုင်းထ၍ ရင်ခုန်သံတို့ ပြင်းပျ၏
စကားသံတို့ မွှေးပျံ့၍ မျှော်လင့်ချက်တို့လှပ၏
သစ်ပင်တို့ အသက်ရှု၍ ဇီဝစည်းချက်တို့ လည်ပတ်ကုန်၏

ဤသို့ လောကဟင်းလင်ပြင်ထက်
လမင်းသာသော ညခင်းအချို့သည်…
အကန့်အသတ်မဲ့ ပျော်ရွှင်နိုင်၏
ယုတ္တိတန်မဲ့ ကခုန်နိုင်၏
ရည်ရွယ်ချက်မဲ့ စိတ်ကစားနိုင်၏
ခံနိုင်ရည်မဲ့ ရူးသွပ်နိုင်၏

သို့ဖြစ်၍…
ကျွန်တော်၏ သူမသည် ညခင်းရဲ့ လမင်းဖြစ်လေတော့သည်။

မေတ္တာဖြင့်
ဟန်သစ်ငြိမ်

Han Thit Nyeim Begins

June 11th, 2009 |

တစ်နေ့သ၌ အင်မတန်မှ အငြိမ်နေသော ကျွန်ုပ်ဟန်သစ်ငြိမ်သည် မျောက်ကိုအပ်ချည်ထိုးခိုင်းသကဲ့သို့ နေမထိထိုင်မသာ လွန်စွာမှ ပျင်းပျင်းရှိလှသည်ဖြစ်ရာ မည်သို့လုပ်ရမည်မသိ ဖြစ်နေလေတော့သည်။ ရာသီဥတုကလည်း အားရင် ကစားတတ်သော အားကစားသမားတို့အကြိုက် မိုးလေးတစိမ့်စိမ့်နဲ့ ဖြစ်နေလေသည်။ တကယ်တော့ ဒီအချိန်မှာ မိုးမရွာသင့်… ပြန်မျှော်ကာရီ ဇန်နဝါရီ ဆိုသည်ကား မိုးရွာရမည့် အနေအထားမျိုးမဟုတ်သည့် ဆောင်းတွင်းကြီးသာ ဖြစ်လေရာ ထူးပြီးဆန်နေတာက သေချာလှသည်။ သေချာအောင် ပြက္ခဒိန်ကိုလှမ်းကြည့်တော့ ဖေဖော်ဝါရီ ရောက်နေပြီ။ ဖေဖော်ဝါရီ ၁ ရက်။ `ဟင်း… နောက်နှစ်ရက်ဆိုရင် ရွှေပြည်ကြီးကို ပြန်ရတော့မှာပါလား… မပြန်ခင်တော့ တစ်ခုခု ဖန်တီးဦးမှ´ လို့တွေးမိပြန်တယ်။ ဒါနဲ့ပဲ လွန်ခဲ့တဲ့ သုံးရက်လောက်က မိတ်ဆွေကြီး ပလေသင်ကာ ပြောတာကို သွားသတိရလေတယ်။ `ဟေ့လူကြီး ခင်ဗျားခုလုပ်တာတွေ ဘလော့ဂ်စစ်စစ် မဟုတ်ဘူးဗျ။ ဝေါ့အော့အော့ ပရက်စ် ဆိုတာ ရှိတယ်´ ဆိုတော့ အင်း သူ့ဆီ ခြေဦးလှည့်ဦးမှပဲ ဟု တွေးမိပြီးသကာလ… ရှိစုမဲ့စုဖြင့် ဆရာသမားကို ပူဇော်ဖို့ရန် အရမ်းမှန်လိုက်တာဗျာဆိုသည့် ဝမ်းဟန်ဒရတ်ပိုက်ပါ တစ်လုံးကိုခါကြားထိုး ထွက်လာခဲ့လေတော့သည်။

Read More »

C+O+P+Y= ကိုယ်ပိုင်

June 4th, 2009 |

မြန်မာပြည်က တချို့တရားဝင် ထုတ်ဝေခွင့်ရနေတဲ့ မဂ္ဂဇင်းတချို့မှာ သုံးတဲ့ ပုံတွေဆိုရင် အင်တာနက်ပေါ်က အလွယ်တကူယူထားတာပါ။ တချို့ပုံတွေမှာဆိုရင် Copyright Logo တွေ၊ Camera Logo စတာတွေကိုပါ အထင်းသားမြင်နေရပါတယ်။ (အဲဒီပုံတွေကို တန်ရာတန်ကြေးပေးမဝယ်ဘဲ အင်တာနက်က အခမဲ့ယူသုံးတာကို အထင်းသားပြနေတာပါ)

ဒါပေမယ့် အခြားတစ်ဘက်မှာ စာဖတ်သူကို ပေးချင်တဲ့ စေတနာက ဘာလဲဆိုတာ မေးခွန်းထုတ်စရာရှိပါတယ်။ တကယ်လို့သာ စာဖတ်သူတွေကို သူတို့အကျိုးမပါဘဲနဲ့ အိုင်ဒီယာတွေချပြတယ်။ အင်တာနက်က ပုံတွေကို မျှဝေတယ်ဆိုရင်တော့ မွန်မြတ်တဲ့အလုပ်တစ်ခုလို့ နားလည်သတ်မှတ်လို့ ရပေမယ့်… သူတို့မဂ္ဂဇင်းအချိန်မှန်ထွက်ဖို့၊ ရောင်းကောင်းဖို့၊ သူတို့ငွေဝင်ဖို့အတွက်သာ စဉ်းစားတယ် ဆိုရင်တော့ ဒါဟာ ကိုယ်ကျိုးရှာမှုလို့သာ သတ်မှတ်ရမှာပါ။

Read More »

အသက်မဲ့

May 13th, 2009 |

‘အသက်မဲ့’

ညနေမှာ ရေးတဲ့ကဗျာ
စကားလုံးတွေ အေးစက်တယ်
ခံစားချက်တွေ ငှားကြပါ
မင်းမရှိ ခဏတာ…။

ဟန်သစ်ငြိမ်

ခွက်

April 30th, 2009 |

ကျွန်တော်ဟာ ခွက်တစ်လုံးပါ။ ပကတိရိုးရှင်းတဲ့ ခွက်ကလေးတစ်ခွက်မျှပါပဲ။ ကျွန်တော့်မှာ ညီအစ်ကိုတွေ ရှိတယ်၊ အပေါင်းအသင်းသူငယ်ချင်းတွေရှိတယ်။ ကျွန်တော်တို့ကို မွေးထုတ်လိုက်တာကတော့ စက်ရုံတစ်ရုံပါ။ ပုံစံအမျိုးမျိုး အရောင်အသွေး အမျိုးမျိုးနဲ့ စားပွဲတွေပေါ်ကို လှပသေသပ်စွာ ထုတ်ပိုးခံရပြီးတဲ့နောက်မှာ ကျွန်တော်တို့ဟာ ခရီးစဉ်ပေါင်းများစွာ၊ နိုင်ငံပေါင်းများစွာကို ဖြတ်သန်းလို့ ဗလာဟင်းတဲ့ရင်ခွင်နဲ့ ကျွန်တော်တို့ကို အလိုရှိတဲ့သူတွေထံကို နည်းလမ်းအသွယ်သွယ်နဲ့ ရောက်ရှိသွားခဲ့ပါတယ်။

ကျွန်တော့်ကို ဘာကြောင့် ‘ခွက်’ လို့ခေါ်လဲ ကျွန်တော်မသိပါ။ တစ်ခါတုန်းက စကားပြောသင်ခါစ လူကလေးတစ်ယောက်ဟာ သူ့အစ်ကိုကိုမေးဖူးတယ်။ “ကိုကို… ဒီဥစ္စာကို ဘာဖြစ်လို့ ခွက်လို့ခေါ်ရတာလဲ” တဲ့။ သူ့ထက်နှစ်အနည်းငယ်ပဲကြီးတဲ့ အစ်ကိုဆိုသူက သူ့ညီနားလည်အောင် အဓိပ္ပာယ်ကို မရမကရှင်းပြတယ်။ “အဲဒါကြီးက မဖောင်းပဲနဲ့ ခွက်နေလို့ပေါ့…” တဲ့။ သူတို့ပြောမှ ကျွန်တော့်ကိုကျွန်တော် သတိထားမိသွားတယ်။ ဟုတ်သားပဲ၊ ကျွန်တော်ကအဲဒီလို ကိုးရိုးကားယားပုံစံနဲ့ပဲဆိုတာ။ ဒါကြောင့်တစ်ခုတော့ တောင်းပန်ချင်တယ်… အဲလို နောက်ကြောင်းမရှင်းတဲ့ ကျွန်တော့်ကို ကြိုးစားနားလည်ပေးတဲ့သူတွေကို ကျွန်တော်ကျေးဇူးတင်ပါတယ်ဆိုတာပါ။

Read More »

ပြောခဲ့သော မပြောခြင်းများ

April 25th, 2009 |

‘ပြောခဲ့သော မပြောခြင်းများ’

ခင်မင်မှုတဲ့
အဝေးကပဲ လှမ်းခေါ်တယ်
အင်း…
နားလည်ပေးပါတယ်။

နားလည်မှုတဲ့
ထင်တာတွေ လုပ်ကြတယ်
အင်း…
ဒါလွတ်လပ်တာပဲ။

လွတ်လပ်မှုတဲ့
စည်းဘောင်ထဲက နှုတ်ဆက်ကြတယ်
အင်း…
ဖြူစင်ခြင်း ပြယုဂ်ပေါ့။

ဖြူစင်မှုတဲ့
မျက်လုံးစိမ်းတွေနဲ့ ကြည့်ကြတယ်
အင်း…
သည်းညည်းခံတတ်ဖို့ လိုလာပြီ။

သည်းညည်းခံမှုတဲ့
မာနတွေဆွဲကိုင်ကြတယ်
အင်း…
ကိုယ်ချင်းစာမိတာအမှန်ပဲ။

ကိုယ်ချင်းစာမှုတဲ့
ရိုင်းစိုင်းစွာပြုကြတယ်
အင်း…
အနစ်နာခံတဲ့သူ ရှိတယ်လေ။

အနစ်နာခံမှုတဲ့
ကိုယ့်ဖို့ချည်း စဉ်းစားကြတယ်
အင်း…
အင်း…
အင်း…
မျှတတဲ့သူ လာမှာပါ
မျှတတဲ့သူ လာမှာပါ
မျှတတဲ့သူ လာမှာပါ။

စာရွက်တွေ ပြင်ကြပါ
ဘောပင်တွေ ပြင်ကြပါ
တံခါးပေါက်တွေ ဖွင့်ထားကြပါ။

ဒါပေမယ့်…
ဦးနှောက်နဲ့ နှလုံးသား ဆက်သွယ်တဲ့နေရာမှာ
ကတိစာတန်းတွေ မလိုအပ်တော့
အရာအားလုံးက…
သဲထဲရေသွန်လည်း ဖြစ်သွားနိုင်တယ်နော်။

မေတ္တာဖြင့်
ဟန်သစ်ငြိမ်

ရာဇဝင်ထဲမှာ သခွားသီးတွေကို ထားရစ်ခဲ့ (၂)

April 24th, 2009 |

တောင်သူကြီးမင်းရဲ့ ဇာတ်လမ်းသာ နိဂုံးချုပ်သွားတယ်။ သခွားသီးရဲ့ဇာတ်လမ်းက မချုပ်သေးဘူးခင်ဗျ။ အဲဒီ တောင်သူကြီးမင်းလွန်ပြီး ကြောင်းဖြူ၊ ကျည်စိုး၊ စုက္ကတေး၊ အနော်ရထာတို့ မင်းဆက်တွေဆက်ပြီး စောလူးတို့ ကျန်စစ်သားတို့လက်ထက်မှာ တစ်စခန်း ထလာပြန်ပါတယ်။

အနော်ရထာဟာ ကျွဲခတ်ခံရလို့ နတ်ရွာစံလို့ သေရွာမြန်းလေတော့ ကျန်စစ်သားက ပြေးလွှားရှောင်ပုန်းနေရတဲ့ အချိန် ဖြစ်နေပါတယ်။ ပြေးရင်းလွှားရင်း ရှင်မထီးဆီမှာ သံပုရာသီးခူးစားရင်း မထီးတူမ သမ္ဘူလနဲ့ ညားခဲ့သေးပြန်ပေါ့။ အဲဒီလို ပြေးလွှားရတာကလည်း သထုံပြည်က အနော်ရထာဟိုဒင်းပြုဖို့ ဆက်ကပ်လိုက်တဲ့ မဏိစန္ဒာမင်းသမီးကို လမ်းမှာ ဟဝှာပြုမိသွားလို့ အနော်ရထာက စိတ်တွေဆိုးပြီး လှံနဲ့ထိုးလို့ ပြေးရတာပါ။ ဒီလိုနဲ့ စောလူးနန်းတက်တော့ သူ့နန်းကို ပြန်တယ်။ စောလူးကလည်း ငယ်ပေါင်းကြီးဖော် ငရမန်ကန်းနဲ့ အချင်းများကြရကနေ စစ်တိုက်တဲ့အထိ ဖြစ်လာရတယ်။ စဖြစ်ဖြစ်ချင်းတော့ တစ်ယောက်ကို တစ်ယောက် အထင်မကြီးကြတဲ့၊ သူတို့နှစ်ယောက် ကြွေအံကစားရင်း ရန်ဖြစ်ကြတာပါပဲ။ ဒါပေမယ့် ပဒေသရာဇ်တို့ထုံးစံ သူတို့ချင်းရန်ဖြစ်လည်း ကြားကပြည်သူက မဆီမဆိုင် စစ်ဖြစ်ကြရတာကိုး။ စောလူး ငရမန်ကန်းဆီ အဖမ်းခံရတော့ ကျန်စစ်သားက သွားကယ်ပါတယ်။ ဒါပေမယ့် အားလုံးသိပြီးဖြစ်တဲ့အတိုင်းပဲ စောလူးက ကျန်စစ်ငါ့ကို ခိုးတယ်လို့ ငရမန်ကန်းကို အားကိုးတကြီးတိုင်တော့ ကျန်စစ်သားကြီးက ဒေါသူပုန်ထလို့ မင်းဆိုးမင်းညစ်တို့လက်ဝယ် ခွေးသေဝက်သေ သေရစ်ခဲ့ပေတော့လို့ ကြုံးဝါးပစ်ထားခဲ့တယ်။ ငရမန်ကန်းလည်း စောလူးကိုသတ်ပြီး ထီးနန်းကိုလာတောင်းတယ်။ ဒီလိုတောင်းရ လောက်အောင်လည်း သူက စောလူးတပ်ကို ချေမှုန်းပြီးပြီ၊ စောလူးကိုလည်း သုတ်သင်ပြီးပြီကိုး။ ကျန်စစ်သားကိုယ်တိုင်လည်း သူ့တပ် (ငရမန်ကန်းတပ်) တွေ လိုက်ချေမှုန်းလို့ အသက်လုပြေးသွားရတာကိုး။ ဒါပေမယ့် ကျန်စစ်သားမင်းကြီး ဘုန်းကံကောင်းပုံများက ပြေးရင်းလွှားရင်း ငထီးလှိုင်ကိုရောက်တော့ ဆာဆာနဲ့ ငထီးလှိုင်ရွာသူကြီး စိုက်ထားတဲ့ သခွားသီးကို တောင်းစားမိပါသတဲ့။ လာပါပြီဗျား ဇာတ်လိုက်ကျော် သခွားသီး၊ အဲဒီနေရာမှာ တစ်ခုစဉ်းစားမိတာက ကျန်စစ်သားမင်းကြီးဟာ အတော်အသီးခူးစားရတာ ဝါသနာပါတဲ့ ဘုရင်ကြီးပဲဗျ။ ရှင်မထီးဆီမှာ သံပုရာသီးခူးစားတယ်။ ခုလည်း ငထီးလှိုင်ရွာသူးကြီးရဲ့ သခွားသီးခူးစားတယ်။ သူ့အသီးစားဝါသနာကလည်း တစ်ခါစား မိဖုရားတစ်ယောက်တိုးတဲ့ သဘောရှိတယ်။ ဘုန်းနဲ့ကံနဲ့လူများကျတော့လည်း အဲဒီလို။ ငထီးလှိုင်ရွာသူကြီးကလည်း လက်ရုံးကောင်းတဲ့သူဖြစ်တော့ သခွားသီးခြံစည်းရိုးကို ဆင်တစ်ရပ်ကာထားပြီး တံခါးလည်း တပ်မထားဘူးတဲ့။ ဒီတော့ သခွားသီးလာတောင်းစားတဲ့ ကျန်စစ်သားကို ငထီးလှိုင်ရွာသူကြီးက ခြံထဲဝင်နိုင်ရင်စားလို့ ပြောလိုက်တယ်တဲ့။ ဒီအခါမှာ ကျန်စစ်သားက လှံနဲ့ထောက်ခုန်ပြီး ခြံထဲဝင် သခွားသီးတွေ အားရပါးရစားရုံတင်မက၊ အားရပါးရနွယ်နဲ့သီပြီး ကိုယ်မှာလွယ်လို့ ယူတောင်သွားလိုက်သေးသတဲ့။

Read More »

‘မောင်မျိုး’ မေမေ့ မိန့်မှာမှု

April 20th, 2009 |

‘မောင်မျိုး’ မင်းမမှားမီ မေမေမိန့်မှာမယ်။

‘မောင်မျိုး’… မမူးမီ၊ မမေ့မီ… မှတ်မှတ်… မင်းမိန်းမ ‘မော်မော်’ မြိုးမြိုးမြက်မြက်များ မြင်မှမြင်၊ များမှမြတ်မှမြင်။

‘မော်မော်’မှာ မင်း မောမှာမို့၊ မှားမှာမို့ မမေးမမြန်း၊ မမေးမမြူ။

မင်းမှတ်၊ ‘မောင်မျိုး’ မှတ်… မေမေ မှာမယ်၊ မိန့်မြွက်မယ်။

‘မော်မော့်’မှာ မောမှမော… မေမြို့မှာ မျောက်များ၊ မြင်းများမွေးမြူ… မြိတ်မှ မဲမဲမှောင်မှောင် မှို၊ မြက်၊ မက်မန်းမျိုးများမှာ… မြောင်းမြမှ မျှစ်၊ မျှော့၊ မြွေ များမှာ… မုန့်မှုန့်မန်… မီးမြှိုက်၊ မီးမြှင်း…

မျောက်များ၊ မြင်းများ၊ မျောက်မွှေး၊ မျောက်မြီး၊ မြင်းမွှေး၊ မြင်းမြီးများ၊ မက်မန်း၊ မှို၊ မျှစ်၊ မျှော့၊ မြွေများ မိုးမမိမီ မြစ်မှ မြန်မြန်မျှော။

မင်းမိန်းမ ‘မော့်မော့်’မှာ မြန်မှမြန်… မြင်မှမြင်။

‘မောင်မျိုး’၊ များများမှတ် မင်းမှတ်မှ။ မင်းမှာ မြင့်မြင့်မားမား မြင့်မြင့်မြတ်မြတ် မမှန်း… မိန်းမ မမြင်၊ မှုန်မှုန်မှိုင်းမှိုင်း… မူမမှန်၊ မိုးမမှောင်မီ မြိန့်မြိန့်မူးမယ်၊ မိန်းမမာန်မဲမယ်… မေမေ မျက်မြင်မှမျက်မြင်။

မှားမယ်… ‘မောင်မျိုး’ မင်းမှားမယ်… မင်း…. မြေမျိုမှာ၊ မင်းမမှားမီ မေမေ မိန့်မှာမယ် မှန်မှန်မြင်… ‘မောင်မျိုး’။

ဟိုးအရင် ကျွန်တော့်ကိုယ်ပိုင်ဘလော့ဂ်မရှိခင် ကျွန်တော့်မိတ်ဆွေ ကိုသင်ကာက ယူပြီးဆားချက်ဖူးတယ်။ ဖွဲ့တည်ရာ အမှတ် (၁) မှာလည်း ပါဖူးပါတယ်။ ကဗျာရွာမှာလည်း ဖော်ပြဖူးပါတယ်။ အခုဟာက ဘလော့ဂ်မှာ မှတ်မှတ်ရရ သိမ်းဆည်းချင်တာရယ် မဖတ်ရသေးတဲ့သူတွေ ဖတ်ရအောင်ရယ်ပါ။

မေတ္တာဖြင့်…
ဟန်သစ်ငြိမ်
(၁၂-ဝ၁-ဝ၈)